Sunday 17 March 2013

အေးစက်စက်မီးလျှံ


မရွာဖြစ်သေးတဲ့ မိုးရေတွေ
လေးလံနေတဲ့ ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။

ငါ့ရဲ့ အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမဲ့ ပန်းတစ်ပွင့်
မင်းမဖြစ်သေးလေသမျှ
အထီးကျန် ဆန်နေရဦးမယ်။
... ... ဆန်းကြယ်စွာ
(ဒါမှမဟုတ်)ရိုးစင်းစွာ
မင်း သိလာပါလိမ့်မယ်။

ငါ့ရင်ပြင်တစ်ခွင်လုံး
မငြှိမ်းရက်ခဲ့တဲ မီးတွေ
မြင်ရင်တောင် ငဲ့ညှာမနေပါနဲ့
လောင်ကျွမ်းခြင်း မင်းအတွက်မို့
ငြိမ်းအေးမှုလို့ ငါမှတ်ယူပါ့မယ်။

မင်းမျက်ဝန်းရဲ့ မြှားတစ်စင်း
ငါ့စိတ်ကို ညှို့ငင်
စကားလုံးတွေ
ငါ့နှုတ်ခမ်းများကို တံခါးခေါက်နေပြီ။

ရိုးဖြောင့်တဲ့ မြစ်တစ်စင်းပမာ
တည်ငြိမ်လွတ်လပ်စွာ
စီးဆင်းလာခဲ့သမျှ
ငါ မြိုသိပ်ခဲ့ရတာတွေ
မင်းကိုနွေးထွေးစေနိုင်ပါမလား.....။

ငါခံစားရသမျှ
မင်းခံစားနိုင်မယ်ဆိုရင်
ဒီလောက်ထိ ခြောက်သွေ့နေမယ် မထင်ဘူး

ငါ့ရဲ့ နက်ရှိုင်းမှုကို
မင်း နားမလည်နိုင်သေးလေတော့
မင်းရဲ့ မီးလျှံက အေးစက်စက်။ ။      


တင်မင်းထက်

No comments:

Post a Comment